Skip to main content

ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်သို့ နှုတ်ခွန်းဆက်စကားပြောကြားခြင်း

           ယနေ့ အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနဲ့ ဧည့်သည်တော်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဦးစွာပဏာမ နှုတ်ခွန်းဆက်သအပ် ပါတယ်။

            ကျွန်တော်ကတော့ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မန်းဝင်းခိုင်သန်း ဖြစ်ပါတယ်။ ကျွန်တော့ကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော်ရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့တဲ့အလျောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၆ ပုဒ်မခွဲ(က)အရ ပြည်ထောင်စု လွှတ်တော်နာယက တာဝန်ကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်း စတင်သည့်နေ့ရက်မှ လပေါင်း ၃၀ ပြည့်မြောက်သည့် နေ့ရက်အထိ ထမ်းဆောင်သွားရမှာ ဖြစ်ပါတယ်။ အလားတူ ဒုတိယနာယက တာဝန်ကိုလည်း အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် ရွေးကောက်တင်မြှောက်ခံထားရတဲ့ ရခိုင် ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၆)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးသာအောင်က တာဝန် ထမ်းဆောင်သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော့အနေနဲ့ ပြည်ထောင်စုလွှတ်တော် နာယက အဖြစ် ထမ်းဆောင်ခွင့်ရတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။      

            ဒီနေ့ဟာဆိုရင် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်မှာ ပြုလုပ်ခဲ့တဲ့ ပါတီစုံ အထွေထွေရွေးကောက် ပွဲကြီးကနေ နိုင်ငံသားပြည်သူအများစုရဲ့ ဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်များ စုစည်းတက်ရောက်လာကြတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေးရဲ့ ပထမဦးဆုံးနေ့ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ပြည်ထောင်စုလွှတ်တော်ဆိုတာ နိုင်ငံတော် အချုပ်အခြာအာဏာရဲ့ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေးအာဏာကို သုံးစွဲခွင့်ရရှိထားတဲ့ နိုင်ငံတော်ရဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ လွှတ်တော်များရဲ့ အဓိကတာဝန်ဟာ ဥပဒေပြုရေးဖြစ်ပြီး ခက်မသုံးဖြာ ထဲက ကျန်ရှိတဲ့ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့နဲ့လည်း တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲ ခြင်းနဲ့ အပြန်အလှန်ထိန်းကျောင်းခြင်း တာဝန်များကိုလည်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတော် အကျိုးအတွက် ခက်မကြီးသုံးဖြာအကြား ညီညီညွတ်ညွတ် ဆောင်ရွက်နိုင်ဖို့ကိုလည်း အလေးထားရပါမယ်။ 

            ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေတိုင်းဟာ ပုဂ္ဂလအကျိုးစီးပွား၊ အဖွဲ့အစည်း တစ်ခု အကျိုးစီးပွားထက် နိုင်ငံတော်နဲ့ ပြည်သူများရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ပေးတဲ့ ဥပဒေများသာ ဖြစ်ရကြပါမယ်။ ခေတ်စနစ်နှင့် မကိုက်ညီတော့တဲ့ ဥပဒေများကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ နိုင်ငံတော်နဲ့ ပြည်သူအတွက် အကျိုးစီးပွားဖြစ်မယ့် ဥပဒေအသစ်များကို တင်သွင်းခြင်း၊ ဆွေးနွေးအတည်ပြုခြင်းများ အပြင် ထုတ်ပြန်ပြဋ္ဌာန်းပြီးဖြစ်ခဲ့တဲ့ ဥပဒေများရဲ့ အာဏာသက်ရောက်မှုရှိ မရှိ ဆိုတဲ့အချက်တွေကိုလည်း ပြန်လည်ဆန်းစစ်ကြရမှာ ဖြစ်ပါတယ်။

            လွှတ်တော်ကြီးရဲ့ ဂုဏ်ဒြပ်မြင့်မားတာနှင့်အညီ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဂုဏ်ရည်ဟာလည်း မြင့်မားပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်များရဲ့ တွေးတောကြံစည်မှု၊ ပြောဆိုမှုများ အရည် အသွေးပြည့်မီပြီး တိုးတက်ခိုင်မာလာတာနဲ့အမျှ နိုင်ငံတော်နဲ့ ပြည်သူများရဲ့ ဂုဏ်ကျက်သရေဟာလည်း ကမ္ဘာ့အလယ်မှာ ပိုမိုတိုးတက်လာမှာ ဖြစ်ပါတယ်။

            လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေနဲ့ နည်းဥပဒေများမှာပါဝင်တဲ့ ဥပဒေပြုရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေ၊ စည်းကမ်း တွေကိုလည်း အသေအချာ ကြေညက်အောင်လေ့လာပြီး လိုက်နာကြဖို့ လိုမှာဖြစ်ပါတယ်။

            လွှတ်တော်ကိုယ်စားလှယ်များအားလုံးမှာ နိုင်ငံတော်ကြီးကို အေးချမ်းသာယာစေလိုတဲ့ဆန္ဒ၊ ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ဆန္ဒ၊ နိုင်ငံတော်နဲ့ နိုင်ငံသားတွေ ချမ်းသာကြွယ်ဝစေလိုတဲ့ဆန္ဒတွေ တူတူညီညီ ရှိနေကြမှာပါ။ ဒါကြောင့် ဒီလိုဥပဒေပြုလွှတ်တော်ကြီးအတွင်းကို ရောက်ရှိလာပြီး နိုင်ငံတော်နဲ့ ပြည်သူများ အကျိုးပူးပေါင်းလုပ်ဆောင်ကြတဲ့အခါမှာတော့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ကိုးကွယ်သောဘာသာစွဲ၊ အယူဝါဒစွဲတွေမထားဘဲ အစွန်းတရားတွေကိုရှောင်ရှားပြီး အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် တိုင်ပင်ဆွေးနွေး လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား။ ပြည်ထောင်စုလွှတ်တော်ဆိုတာ ဥပဒေပြုရေး တာဝန်အပြင် နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် အရေးကြီးတဲ့ အခြားကိစ္စတွေကိုလည်း တင်သွင်းခြင်း၊ ဝိုင်းဝန်းဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းများ လုပ်ဆောင်ကြရပါတယ်။ အခုလို လွှတ်တော်သက်တမ်းအသစ် တစ်ခု စတင်ချိန်နဲ့ အစိုးရအသစ် ဖွဲ့စည်းကြချိန်များမှာဆိုရင် နိုင်ငံတော်အတွက် အလွန်အရေးကြီး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် များကို ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ရပါမယ်။ ဆက်လက်ပြီး ပြည်ထောင်စု အဆင့်အဖွဲ့ဝင်ဦးရေ၊ ဝန်ကြီးဌာနအရေအတွက်များကို အဆုံးအဖြတ်ပေးခြင်းလုပ်ငန်းစဉ်တွေ၊ ကတိသစ္စာ ပြုခြင်းလုပ်ငန်းစဉ်တွေကိုလည်း ဒီပြည်ထောင်စုလွှတ်တော်ကြီးအတွင်းမှာပဲ ဆောင်ရွက်ဖို့ရှိနေမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ပြည်ထောင်စုလွှတ်တော်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေဇယား ၁ မှာ ဖော်ပြထားတဲ့ ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီးတော့လည်း ပြည်ထောင်စုတစ်ဝန်းလုံးအတွက်သော်လည်းကောင်း၊ ပြည်ထောင်စု၏ တစ်စိတ်တစ်ဒေသအတွက်သော် လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့် အပ်နှင်းထားပါတယ်။ ထို့အပြင် ပြည်ထောင်စုအစိုးရ အဖွဲ့ကသာ တင်သွင်းခွင့်ရှိတဲ့ နိုင်ငံတော်ရဲ့ အမျိုးသားစီမံကိန်း၊ နှစ်စဉ်အရအသုံးခန့်မှန်းခြေငွေစာရင်းနဲ့ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းများကိုလည်း သတ်မှတ်ထားတဲ့ နည်းလမ်းများနှင့်အညီ ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းဆွေးနွေး ဆုံးဖြတ်ပေးကြရမှာပဲ ဖြစ်ပါတယ်။

            နိဂုံးချုပ်အားဖြင့် ကျွန်တော့်အနေနဲ့ ပြည်ထောင်စုလွှတ်တော် နာယက အဖြစ် တာဝန်ထမ်းဆောင် ခွင့်ရတဲ့အချိန်အတွင်း သစ္စာရှိရှိ ဖြောင့်မတ်မှန်ကန်စွာဖြင့် နိုင်ငံသူ နိုင်ငံသားများ လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ပေါက်အောင် ကြိုးစားဆောင်ရွက်သွားမှာဖြစ်သလို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်ကြီးများကလည်း ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင်ဖြင့် ပူးပေါင်းဆောင်ရွက်ကြ ပါလို့ မေတ္တာရပ်ခံ ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

 

Monday, February 8, 2016