Skip to main content

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့အစီအစဉ် ကျင်းပ နိုဝင်ဘာ ၃၀

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့အစီအစဉ် ကျင်းပ နိုဝင်ဘာ ၃၀ | posted 30.11.2016

          ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့တွင် အစီအစဉ် (၁၇) ခုဖြင့်ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက က ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီအဖွဲ့ဝင်များအနက် ပြည်ကြီးတံခွန်မဲဆန္ဒနယ်မှ ဦးကျော်စိုးလင်းအား တွဲဖက် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးစတီဖန်အား အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ထန်းတပင်မဲဆန္ဒနယ်မှ ဦးနေမျိုးထွန်းအား အဖွဲ့ဝင်အဖြစ်လည်းကောင်း ပြောင်းလဲ တာဝန်ပေးအပ်ပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာ နှင့် ငွေကြေးဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာများကို ဥပဒေကြမ်းပူးပေါင်းကော်မတီမှ ဦးကျော်စိုးလင်း(ပြည်ကြီးတံခွန်မဲဆန္ဒနယ်)နှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ ဒုတိယဥက္ကဋ္ဌ(၂)  ဦးအောင်မင်းတို့က လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး ယင်းဥပဒေကြမ်း၏မူနှင့် အခြေခံ သဘောများ၊ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ၅-၁၂-၂၀၁၆ ရက် (တနင်္လာနေ့) မွန်းလွဲ ၁၃၀၀ နာရီ နောက်ဆုံးထားပြီး  အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

          ထို့နောက် အမျိုးသားမြေအသုံးချမှုမူဝါဒ(National Land Use Policy)နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ၏ လေ့လာတွေ့ရှိချက်နှင့်သုံးသပ်အကြံပြုချက်အစီရင်ခံစာကို  ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာသန်းဝင်းမှ လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်ခြင်းကြောင်း ကြေညာသည်။

ဆက်လက်၍  ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်တွင် ဒုတိယဥက္ကဋ္ဌ(၁)အဖြစ် ဒေါက်တာဦးအောင်ခင် (ပြင်ဦးလွင်မဲဆန္ဒနယ်) အား ဖြည့်စွက်၍ လည်းကောင်း၊ ယခင် ဒုတိယဥက္ကဋ္ဌ(၁) တာဝန်ထမ်းဆောင်သော ဦးကိုကိုနိုင်အား အဖွဲ့ဝင်အဖြစ် ပြင်ဆင်၍လည်းကောင်း တာဝန်ပေးအပ်ခြင်းနှင့် ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပြင်ဆင်သတ်မှတ်ခြင်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက်ရယူပြီး အတည်ပြုကြောင်းကြေညာသည်။

ထို့နောက်နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အတွက် တွံတေးတူးမြောင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဆောင်ရွက်ရန် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေမှ ချေးငွေရယူရန် ကိစ္စနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးမှ ရှင်းလင်းတင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံဆန္ဒမဲ များသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံမှ ဂျပန်ယန်း ၉၃,၉၇၀ သန်း ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက   ၅-၁၂-၂၀၁၆ ရက် (တနင်္လာနေ့) ညနေ ၁၈၀၀ နာရီ နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော  ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား ဓာတ်အားကွန်ရက်အချင်းချင်း ချိတ်ဆက်ကုန်သွယ်နိုင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံ မှ ပါဝင်လက်မှတ်ရေးထိုးရန်ကိစ္စနှင့်စပ်လျဉ်း၍ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၊          ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ ရေဖြူမဲဆန္ဒနယ်မှ  ဦးသက်နိုင်ဦး နှင့်  ဝါးခယ်မမဲဆန္ဒနယ်မှ ဦးဇော်သိန်းတို့က ဆွေးနွေးကြပြီးနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။

ဆက်လက်၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ငွေကြေးမူဝါဒအကောင်အထည်ဖော် ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေး ဆောင်ရွက်ချက် အစီရင်ခံစာ တို့နှင့်စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်၊ ဒဂုံမဲဆန္ဒနယ်မှဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး (ခေါ်) သန်းစိုး(ဘောဂဗေဒ)၊ ပုလဲမဲဆန္ဒနယ် မှဒေါ်ခင်စန်းလှိုင်နှင့် သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်တို့က ဆွေးနွေးကြပြီး ယင်းဆွေးနွေးမှုများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးအား သီးခြားဖိတ်ကြားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာ သည်။ 

          ပြည်ထောင်စုလွှတ်တော်  အစည်းအဝေး ပဉ္စမနေ့ကို မွန်းလွဲပိုင်းတွင် ရပ်နားလိုက်ပြီး ဆဋ္ဌမနေ့ ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ထပ်မံအသိပေးကြေညာမည်ဖြစ်သည်။