Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ သြဂုတ်(၉)

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ သြဂုတ်(၉) | posted 18.09.2015

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း သည် အမေရိကန် ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဂျွန်ကယ်ရီ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက်(၁၁)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိို့သို့တွေ့ဆုံစဉ် မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးနှင့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများ၊ လွှတ်တော်များသည် ဥပဒေပြုရေး၊ မဏ္ဍိုင်ကြီး(၃)ရပ်အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရေးကိစ္စရပ်များကို အဓိကထား ဆောင်ရွက်နေသည့်နည်းတူ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ပါတီ(၁၉)ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ၏ ဦးစားပေးဆောင်ရွက်နေမှုများ၊ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအတွက် လွှတ်တော်အပါအဝင် အဖွဲ့အစည်းအသီးသီး ပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ် တိုးတက်မှုရှိစေရန် အမေရိကန်ပြည်ထောင်စုမှ အကြံဉာဏ်များနှင့် ထိုက်သင့်သော အားပေးကူညီမှုပြုရေးကိစ္စရပ်များကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက နှင့်အတူ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသား ရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမောင်ဦး၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးခင်မောင်ဌေး၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးကြည်ထွဋ်ဝင်း နှင့် ဒေါ်အေးအေးမူ၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျွန်ကယ်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Derek Mitchell လည်း တက်ရောက်သည်။