Skip to main content

၁၈ - ၅ - ၂၀၁၇ ရက် ၁၃၃၀ နာရီတွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်ထောင်စုလွှတ်တော် နာယက ပြောကြားမည့် နှုတ်ခွန်းဆက်အမှာစကား

၁၈ - ၅ - ၂၀၁၇ ရက် ၁၃၃၀ နာရီတွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်ထောင်စုလွှတ်တော် နာယက ပြောကြားမည့် နှုတ်ခွန်းဆက်အမှာစကား | posted 18.05.2017

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-
    ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးသို့ တက်ရောက် လာကြတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်း ဆက်သအပ်ပါတယ်။
    မကြာမီကာလက ကျင်းပပြီးစီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ပြည်သူများက ရွေးကောက်တင်မြှောက်ပေးခဲ့တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်(၁၂)ဦးကိုလည်း လိှုက်လှဲစွာကြိုဆိုပါကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စား ပြောကြားလိုပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် များအနေနဲ့ လွှတ်တော်အစည်းအဝေးများ ရပ်နားထားစဉ်ကာလမှာ မိမိတို့ရဲ့ နယ်မြေဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူအကျိုးပြုလုပ်ငန်းများမှာ တတ်စွမ်းသမျှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ခဲ့ကြသလို နိုင်ငံသားပြည်သူများရဲ့ ဘဝနဲ့ဆန္ဒ အသံများကိုလည်း မြင်တွေ့ကြားသိခဲ့ကြပြီးဖြစ်တဲ့အတွက် ပဉ္စမပုံမှန် အစည်းအဝေးကာလမှာ ရလဒ်ကောင်းတွေ ပိုမိုရရှိမယ်လို့မျှော်လင့်ပါတယ်။ 
    ယနေ့ စတင်ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ကာလဟာ ဒုတိယအကြိမ် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သက်တမ်းတစ်နှစ်ကျော် ကာလ ဒုတိယနှစ်သက်တမ်းရဲ့ အစပိုင်းလည်းဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် များအနေနဲ့လည်း ဒီကာလအတွင်းမှာ ထိုက်သင့်တဲ့ လွှတ်တော်ဆိုင်ရာ အတွေ့အကြုံ ကောင်းများ ရရှိနေကြပြီလို့ ယုံကြည်ပါတယ်။ ဒီအတွေ့အကြုံကောင်းများကို နိုင်ငံသူနိုင်ငံသားများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ ကောင်းစွာအသုံးချနိုင်ဖို့လည်း တိုက်တွန်းမှာကြားလိုပါတယ်။ 
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-
    ယခုကျင်းပမယ့် ပဉ္စမပုံမှန်အစည်းအဝေးကာလအတွင်း နိုင်ငံတော်သမ္မတ ထံမှသဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ဥပဒေဆိုင်ရာအထောက်အကူ ပေးရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအပါအဝင် ပြည်ထောင်စုလွှတ်တော်မှာ ဆောင်ရွက်ဆဲကျန်ရှိတဲ့ ဥပဒေကြမ်းများကို ဆွေးနွေးအဆုံးအဖြတ်ရယူခြင်း၊ ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ သီးသန့်ရန်ပုံငွေမှခွဲဝေသုံးစွဲခဲ့သည့် ကိစ္စ၊ အရှေ့တောင် အာရှသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် ကမ္ဘာ့ဘဏ်ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၂၅ သန်း ချေးယူရန်ကိစ္စ၊ အာရှဒေသသစ်တောပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း တည်ထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်မှာ မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးရန်ကိစ္စများ အပါအဝင် ပြည်ေထာင်စုအစိုးရအဖွဲ့မှပေးပို့ထားတဲ့ အစီရင်ခံစာ များကို ဆွေးနွေးခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
    ဒါ့အပြင် လွှတ်တော်အသီးသီးမှာ ကျန်ရှိနေတဲ့ ဆောင်ရွက်ဆဲ ဥပဒေကြမ်း များအနက်မှ မဖြစ်မနေဦးစားပေးဆောင်ရွက်ပေးရမယ့် ဥပဒေကြမ်းများကိုလည်း အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားကြရဦးမှာ ဖြစ်ပါတယ်။ 
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-    
    ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေများနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့တဲ့ မြို့နယ် ပေါင်း ၃၂၅ မြို့နယ်အနက် ယနေ့အထိ ၂၂၃ မြို့နယ်မှ လုပ်ငန်းပြီးစီးကြောင်း တင်ပြခဲ့ပြီး ၁၀၃ မြို့နယ် တင်ပြရန်ကျန်နေသေးကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် ကျန်ရှိတဲ့မြို့နယ်များအနေနဲ့ ဆောလျင်စွာပေးပို့ကြဖို့နဲ့ ပိုလျှံငွေများကို သက်ဆိုင်ရာ မြန်မာ့စီးပွားရေး ဘဏ်ခွဲများမှ တစ်ဆင့် နေပြည်တော်ရှိ ငွေတိုက်ဦးစီးဌာနသို့ အချိန်မီပြန်လည်အပ်နှံကြဖို့ ထပ်မံအသိပေးလိုပါတယ်။
    ဒါ့အပြင် ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေမှာ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေကို ခွင့်ပြုခဲ့ပြီး ဖြစ်တဲ့အတွက် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်မှာ  မြို့နယ်အလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ဖို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ လုပ်ငန်းဆောင်ရွက်ခွင့်နဲ့ အဆိုပြုချက်များကို အချိန်မီတင်ပြဆောင်ရွက်ကြဖို့လည်း ပြောကြားလိုပါတယ်။     
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-
    ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ကျင်းပဆဲ ကာလမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ၂၄-၅-၂၀၁၇ ရက်မှာ စတင်ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ 
    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း  (၂၁)ရာစု ပင်လုံတွင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ပြည်သူအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြမယ်ဆိုရင် ပြည်သူတွေ မျှော်လင့်တောင့်တနေကြတဲ့ ငြိမ်းချမ်းရေး ကို မလွဲမသွေမုချရရှိမယ်လို့ အခိုင်အမာယုံကြည်ကြောင်း ပြောကြားသွားတာ အားလုံး သိရှိပြီးဖြစ်ပါတယ်။
    ဒီ (၂၁)ရာစုပင်လုံဟာ ဖက်ဒရယ်ပြည်ထောင်စုထူထောင်တဲ့အခါ အခြေခံမူတွေ ချမှတ်နိုင်ဖို့နဲ့ ပြည်ထောင်စုကြီးကို အခိုင်မာဆုံး၊ အကောင်းဆုံး၊ အငြိမ်းချမ်းဆုံး ဖြစ်အောင် ဖော်ဆောင်ပေးမယ့် အရေးကြီးတဲ့ ညီလာခံကြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီညီလာခံကြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ဆိုရင် ပြည်ထောင်စုအစိုးရ အဖွဲ့၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ ပါဝင်သည့်အဖွဲ့နဲ့ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များအနေနဲ့ မိမိတို့ ကျရာကဏ္ဍ အသီးသီးမှာ ပူးပေါင်းပါဝင်ပြီး ဆက်လက် လုပ်ဆောင်သွားကြရမှာဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-    
    ပြည်သူ့ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့၊ ပြည်သူအားလုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုလွှတ်တော်ဟာ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူ တစ်ရပ်လုံး၏ အကျိုးစီးပွားကို အဓိကထားပြီး ဥပဒေပြုရေးအပါအဝင် အခြားသော လွှတ်တော်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ဥပဒေနဲ့အညီ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားပြည်သူများ အားလုံးအတွက် ထာဝရတည်တံ့ ခိုင်မြဲတဲ့ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် ပေါ်ထွန်းလာရေး ပြည်သူနဲ့အတူ လက်တွဲကြိုးပမ်း ဆောင်ရွက်သွားကြပါစို့လို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ 
       ဒါ့အပြင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ကြမယ့် ခရီးလမ်းရဲ့ အရေးကြီးဆုံးတစ်ခုဖြစ်တဲ့ ထာဝရငြိမ်းချမ်းရေးများ ရရှိနိုင်ဖို့ အတွက် လူမျိုးပေါင်းစုံ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးက ငြိမ်းချမ်းရေးအတွက် စုပေါင်းဆွေးနွေးသွားကြဖို့ လိုအပ်တဲ့ ကာလလည်း ဖြစ်ပါတယ်။  
ပြည်ထောင်စုအစိုးရအဖွဲ့၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီများပါဝင်သည့် အဖွဲ့နဲ့ အရပ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်ကြောင်း သိရှိရပါတယ်။