Skip to main content

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ အစီအစဉ် ကျင်းပ | posted 26.02.2015

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၆)ရက်မြောက်နေ့အစီအစဉ်ကို (၁၄) ခုဖြင့် ကျင်းပပါသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက  ပြည်ထောင်စုလွှတ်တော် အစည်း အဝေး အထမြောက်ကြောင်းနှင့် စတင် ကျင်းပကြောင်း ကြေညာပြီး  ပြည်ထောင်စုလွှတ်တော် (၁၆)ရက်မြောက်နေ့ အစည်းအဝေးအစီအစဉ်များကို စတင်ပါသည်။

ရှေးဦးစွာ        ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်ပါသည်။

အစီအစဉ်အရ ဥပဒေကြမ်းပူးပေါင်းကော်မတီက၂၀၁၅ -၂၀၁၆ ခု၊ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ ဖတ်ကြားတင်ပြသည်။ ယင်းဥပဒေကြမ်း၏ မူနှင့်အခြေခံသဘော အပါအဝင် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ပင်လယ်ကြောင်းအကောက်ခွန် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ကုန်းလမ်းအကောက်ခွန် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာ ပြည်ထောင် စုအဆင့် အဖွဲ့အစည်းဝင်က လွှတ်တော်သို့ တင်သွင်းပါသည်။

ပြီးနောက်       နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာ သော ယှဉ်ပြိုင်မှုဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်က ဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူပါသည်။

လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူပါသည်။

နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ဝင် တစ်ဦးက နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၅)အရေးပေါ် အခြေအနေကြေညာခြင်းနှင့် အမိန့်အမှတ် (၂/၂၀၁၅) စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းတို့ကို  လွှတ်တော်က အတည်ပြုပေးရန် အဆိုတင်သွင်းပြီး          ယင်းအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေး၍လွှတ်တော်၏ အဆုံးအဖြတ် ရယူပါသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အစည်းအဝေး (၁၆)ရက်မြောက်နေ့ ရပ်နားကြောင်းနှင့်  (၁၇)ရက်မြောက်နေ့ ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာပါသည်။