Skip to main content

၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့တွင် ကျရောက်သည့် ၂၀၁၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးထင်ကျော်ထံမှ ပေးပို့သော သဝဏ်လွှာ

နိုင်ငံသူနိုင်ငံသားများခင်ဗျား-

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခါသမယတွင် မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း စစ်မှန်သော ဒီမိုကရေစီအနှစ်သာရများကို ပြည့်ပြည့်ဝဝ ခံစားရရှိနိုင်ပါစေကြောင်းနှင့် ထိုသို့ ခံစားနိုင်စေရန်အတွက် နိုင်ငံ၌ ဒီမိုကရေစီအလေ့အထကောင်းများ ထွန်းကားရှင်သန်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

မြန်မာနိုင်ငံ၏ အနီးကပ်သမိုင်းကို ပြန်လည်ကြည့်လျှင် နိုင်ငံသူ နိုင်ငံသားများ အနေဖြင့် ဒီမိုကရေစီဆိတ်သုဉ်းသောဘဝကို ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းကျင်လည်ခဲ့ရသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ လွတ်လပ်မှု၊ တန်းတူညီမှု၊ တရားမျှတမှုများကင်းမဲ့သော အနေအထားများမှ လွတ်မြောက်ရန်အတွက် အများပြည်သူတို့ တောင်းဆိုခဲ့၊ လှုပ်ရှားဆောင်ရွက်ခဲ့ကြသဖြင့် ယခုအခါ ဒီမိုကရေစီလမ်းကြောင်း အစ၌ အခြေချမိခြင်းဖြစ်ပါသည်။ သို့သော် ဒီမိုကရေစီစနစ်  အမြစ်တွယ်အောင်၊ ခိုင်မာ တောင့်တင်းအောင်နှင့် ရေရှည်တည်တံ့အောင်ကား နိုင်ငံသူနိုင်ငံသားအများ ဝိုင်းဝန်း၍ ဆက်လက်ကြိုးပမ်း တည်ဆောက်ကြရဦးမည် ဖြစ်ပါသည်။

နိုင်ငံသူနိုင်ငံသားများခင်ဗျား-

ဒီမိုကရေစီဆိုသည်မှာ ပြည်သူ့အင်အား၊ ပြည်သူ့အာဏာကို မဏ္ဍိုင်ပြုသော နိုင်ငံရေးစနစ်ဖြစ်ရာ ဒီမိုကရေစီစနစ်ဟူသည် ပြည်သူလူထု၏ခံစားချက်နှင့် မျှော်လင့် ချက်များကို ဦးထိပ်ထား၍ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ဒီမိုကရေစီစနစ်တွင် နိုင်ငံ၏အရေးအရာတို့ကို ပြည်သူအများ သို့မဟုတ် အများစုကို ကိုယ်စားပြုသူများက စဉ်းစားကြံဆ ဆုံးဖြတ်ကြရသည်။ သို့သော် ထို့သို့ဆုံးဖြတ်ရာ၌ အနည်းစုတို့၏သဘောထားဆန္ဒကို လုံးဝလျစ်လျူရှုထား၍ကားမရ။ အကြောင်းမူ ဒီမိုကရေစီစနစ်ဟူသည် နိုင်ငံသားတစ်ဦးချင်းတို့၏ အခြေခံရပိုင်ခွင့် လွတ်လပ်ခွင့်များ ကိုလည်းကောင်း၊ လူနည်းစုတို့၏ အခွင့်အရေးများကိုလည်းကောင်း လေးစား ဂရုထားရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီနိုင်ငံတို့တွင်  နိုင်ငံ့အရေးအရာ များကို အဖြေရှာရာ၌ နိုင်ငံသားအများ ဝိုင်းဝန်းပါဝင်ရေးကို အလေးထားကာ ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ကြရလေ့ရှိပါသည်။

မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့သည့် “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ”သည်အဆိုပါသဘောကို ဖော်ပြသည့် နမူနာသာဓကတစ်ခုပင်ဖြစ်သည်။

နိုင်ငံအတွင်း ညီးရင်းအကို မောင်နှမများ စိတ်ဝမ်းကွဲပြားရာက ဖြစ်ပေါ်ခဲ့သည့် လက်နက် ကိုင် ပဋိပက္ခများ ချုပ်ငြိမ်း၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရေး၊ တစ်မျိုးသားလုံး ပြည်လည်သင့်မြတ်၍ ပြည်သူအများ လိုလားတောင့်တသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးတို့အတွက် လူမျိုးစုအသီးသီးနှင့် အဖွဲ့အစည်း အသီးသီးတို့ကို ကိုယ်စားပြုသူများ၊ တစ်ဦးချင်းသောပညာရှင်များစသည့် ပုဂ္ဂိုလ်အများအပြားတို့က ညီလာခံ၌ ရှုထောင့်မျိုးစုံမှ ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြသည်။ (၂၁) ရာစုပင်လုံ ညီလာခံ ပထမအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည့် နိုင်ငံ့အရေးအရာပြသနားများကို နိုင်ငံတစ်ဝန်းလုံး၌ ဆက်၍ဆက်၍ ဆွေးနွေးကြဦးမည်ဖြစ်ပါသည်။ ဆက်လက်၍ တိုင်းရင်းသားပြည်သူအားလုံး သဘောတူမျှလက်ခံကြသည့်  ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးကို နိုင်ငံရေးစားပွဲဝိုင်းများတွင် ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း အဖြေရှာရဦးမည် ဖြစ်ပါသည်။ ဤသည်မှာ လူများစု လူနည်းစု မခွဲခြား နိုင်ငံသူနိုင်ငံသား အများပါဝင်သည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခြင်းလည်း ဖြစ်ပါသည်။

ယင်းသို့ ဒီမိုကရေစီကျင့်စဉ်အတိုင်း ဆောင်ရွက်ခြင်းဖြင့် ဤနိုင်ငံ၌ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုတို့ကို တည်ဆောက်နိုင်မည့်အပြင် နိုင်ငံသူ နိုင်ငံသားအပေါင်းသည်လည်း လွတ်လပ်ခြင်း၊ တန်းတူညီခြင်း၊ တရားမျှခြင်းတည်းဟူသောလောကပါလတရားများကို ခံစားကြရလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားပါသည်။

နိုင်ငံသူနိုင်ငံသားများခင်ဗျား-

၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီ၏ ဆောင်ပုဒ်မှာ နိုင်ငံတကာ ပါလီမန်များအဖွဲ့က သတ်မှတ်ထားသည့် “အားလုံးပူးပေါင်းပါဝင်စို့ ဒီမိုကရေစီ ၂၀၃၀ သို့”ဟူ၍ ဖြစ်ပါသည်။ ယင်းဆောင်ပုဒ်၏ ရည်ရွယ်ချက်သည် အနာဂါတ်ဒီမိုကရေစီ၊ ယနေ့နှင့် နောင်တစ်နေ့လူငယ်များ၊ ထို့နောက် လွှတ်တော်များ၏ အခန်းကဏ္ဍတို့ကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ခဲ့သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ၂၀၃၀ ပြည့်နှစ် ပန်းတိုင်နှင့် ချိတ်ဆက်စဉ်းစားရန် နှိုးဆော်ပေးလိုက်သော သဘောဖြစ်ပါသည်။

ယခုမှစ၍ ရေတွက်လျှင် ၂၀၃၀ ပြည့်နှစ်ဆိုသည်မှာ များစွာဝေးကွာသော ကာလတစ်ခုဟု မဆိုနိုင်ပါ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများသည်လည်း အသွင်ကူးပြောင်းရေးမှတစ်ဆင့် ခိုင်မာတည်တံ့သည့်အဆင့်သို့ ရောက်ရှိစေရန်မှာ မျိုးဆက်သစ်လူငယ်လူရွယ်များအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး၏ နိုင်ငံရေး ယဉ်ကျေးမှုခိုင်မာလာစေရန် လိုအပ်ပါသည်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ၏ အောင်မြင်မှုကိုပြည်သူလူထု၏ လူနေမှုဘဝများ တိုးတက်ပြောင်းလဲလာမှုများနှင့် တိုင်းတာလေ့ရှိရာ ပြည်သူလူထုကို အလေ့အနက်ထားသော အပြောင်းအလဲများ ဆောင်ကြဉ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲနိုင်ရေး၊ ဘုံသဘောတူလက်ခံသော အမျိုးသားရေးဝိသေသ လက္ခဏာ တစ်ရပ် တည်ဆောက်ရေးတို့ကိုဦးတည်းကြိုးပမ်း လျှောက်လှမ်းရမည့် လမ်းကြောင်း လည်းဖြစ်နေပါသည်။

ဤသို့သော အခြေအနေများတွင် အများစု၏ အဆုံးအဖြတ်ကို အနည်းစုက လက်ခံလိုက်နာခြင်း၊ အနည်းစု၏အခွင့်အရေးများကို အများစုကလေးစားခြင်း၊ မတူကွဲပြားမှုများကို အပြန်အလှန်သည်းခံခြင်း စသည့် ခိုင်မာရင့်ကျက်သော ဒီမိုကရေစီယဉ်ကျေးမှုကို  တည်ဆောက်နိုင်ပြီး ပွင့်လင်းမြင်သာ၍ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော လူ့အဖွဲ့စည်းမျိုးနှင့် တည်ငြိမ်အေးချမ်းသော လူမှုပတ်ဝန်းကျင်မျိုး တည်ရှိမှ သာလျှင် စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ရေးအစီအစဉ်၏ ရည်မှန်းချက်ပန်းတိုင်များကို ပြည့်မီအောင် ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။

အဆိုပါအနေအထားများ ဖန်တီးနိုင်ရန်အတွက်ဆိုလျှင် ဒီမိုကရေစီဆိုင်ရာ အစု အဖွဲ့များနှင့် အခြေခံအဆောက်အအုံများဖြစ်သည့် ပါလီမန်လွှတ်တော်များ၊ နိုင်ငံရေး ပါတီများ၊ ရွေးကောက်ပွဲစနစ်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ဉပဒေများ၊ စည်းမျဉ်းများကို အနာဂတ်အတွက် ရည်မှန်းလျက် ပစ္စုပ္ပန်ကို ဆင်ခြင်သုံးသပ်ပြီး အတိတ်ကိုလည်း သင်ခန်းစာယူကာ အကောင်းဆုံး ပြင်ဆင်သွားကြရမည် ဖြစ်ပါသည်။

နိုင်ငံသူနိုင်ငံသားများခင်ဗျား-

အထက်တွင် တင်ပြခဲ့သည့်အတိုင်း အနာဂတ်ကာလတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်မှန်းချက်များကို ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံအတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့် တောင်ပေါ် မြေပြန့်မခွဲခြား ပြည်နယ်ပြည်မဟူ၍လည်းသဘောမထား တစ်သားတည်း တစ်စည်း တစ်လုံးတည်း လက်တွဲပူးပေါင်းလျှောက်လှမ်းနိုင်ရန်လိုအပ်ကြောင်း ထင်ရှားပေါ်လွင် လျက်ရှိပါသည်။

သို့ဖြစ်၍ နိုင်ငံသူနိုင်ငံသားများအနေဖြင့် ငြိမ်းချမ်းသာယာသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးအောင်မြင်စွာတည်ဆောက်နိုင်ရေးအတွက်ဒီမိုကရေစီစိတ်ဓာတ် ၊ ဒီမိုကရေစီအကျင့်ကို အရင်းခံကာ တစ်ဦးပေါ်တစ်ဦး အပြန်အလှန် နားလည်မှု၊ လေးစားယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုများဖြင့် စုပေါင်းပါဝင်ဆောင်ရွက်သွားကြရန် ယနေ့ကျင်းပသည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခါသမယတွင် အလေးအနက် တိုက်တွန်းလိုက်ရပါသည်။